Home » , » VPN service protect your privacy and Security

VPN service protect your privacy and Security

ဒီနေ့ အင်တာနက်နဲ့ လည်ပတ်လှုပ်ရှားနေရသူ မိသားစုဝင်များ အတွက် သိထားသင့်မယ့် အကြောင်း အရာတစ်ခုကို မိတ်ဆက်ပေးချင်ပါတယ် - မိတ်ဆက်ပေးချင်တယ် ဆိုတာ လုံးဝ ကြားဖူးနားဝမရှိသေးသူများနဲ့ ကြားဖူးနားဝရှိပေမယ့် အသုံးချနည်းကို ရင်းနှီးမှု မရှိသေးသူများ အတွက် မိတ်ဆက်ပေးချင်တဲ့ သဘောပါ -

အဲ့ဒီ အကြောင်းအရာရဲ့ ပင်မ ခေါင်းစဉ်ကတော့ VPN လို့ ခေါ်တဲ့ Virtual Private Network ပါ - တစ်နေ့နဲ့ တစ်နေ့ အင်တာနက်ထဲ ဟိုဝင်ဒီထွက် လည်ပတ်လှုပ်ရှားကြတဲ့ အခါမှာ ကျွန်တော်တို့ရဲ့ ကွန်ပြူတာ ထဲမှာ ရှိနေတဲ့ ကိုယ်ရေးကိုယ်တာ  ဆိုင်ရာ အကြောင်းအရာ အချက်အလက်များ လုံခြုံရေး နဲ့ အင်တာနက်ထဲ လည်ပတ်တဲ့ အခါမှာ ကိုယ်ပိုင်လွတ်လပ်ခွင့် ရရှိရေး အတွက် ဆိုပြီး ပုံမှန် လုပ်ဆောင်ကြရတာတွေ ရှိပါတယ် - အဲ့ဒါတွေက ပုံမှန် အလွယ်ပြောရရင် Antivirus / Internet Security လို့ ခေါ်တဲ့ Virus ကာကွယ်တိုက်ဖျက်ရေး Security တွေ သုံးမယ် - Firewall တွေ ကာရမယ် - အင်တာနက်ထဲမှာ ကိုယ်ဘယ်တွေသွားတယ် ဘာတွေလုပ်နေတယ် ဆိုတာ ကိုယ့် IP ကိုကြည့်ပြီး နောက်ယောင်ခံမလိုက်နိုင်အောင် ကာကွယ်ထား ရမယ် - စသဖြင့် အခြေခံအနေနဲ့ ဒီလုပ်ငန်းစဉ်တွေကို မဖြစ်မနေ လုပ်ဆောင်ကြရပါတယ်။

နောက်တစ်ဆင့် အနေနဲ့ အင်တာနက်ထဲမှာ မိမိရဲ့ လှုပ်ရှားသွားလာမှုကို ဒီ့ထက်ပိုပြီး လုံခြုံမှုအဆင့် မြှင့်တင်နိုင်ဖို့ အခုဖော်ပြ ခဲ့တဲ့ လုပ်ငန်းစဉ်တွေသာမက  နောက်ထပ်ပေါင်းစပ် လုပ်ဆောင်သင့်တာ Virtual Private Network (VPN) ကို အသုံးပြုပြီး ကိုယ့်ရဲ့ ရပ်တည်မှုကို အခြားသူတစ်ယောက်ယောက်က မစုံစမ်း မသိရှိနိုင်အောင် အတွင်းစည်း - အပြင်စည်း ကာရံထားဖို့ပါ - ဒါကို ကျွန်တော်တို့က Data တွေ encrypt လုပ်တယ်လို့ ခေါ်ပါတယ် - ( Encryption လုပ်တယ်ဆိုတာ အလွယ်ပြောရရင် တစ်ခြားသူ တစ်ယောက် မသိရှိနိုင်အောင် Cipher လို့ ခေါ်တဲ့ Algorithm ကို အသုံးပြုပြီး Information တွေကို လျှို့ဝှက် Code တွေအဖြစ် ပြောင်းလဲထားတာကို ခေါ်တာပါ။ )


Virtual Private Network ဆိုတာဘာလဲ ?

VPN ဆိုတာ ကိုယ့်ကွန်ပြူတာ ကနေ ပို့လွှတ်လိုက်တဲ့ Data တွေကို အင်တာနက်ထဲမှာ ကိုယ်ဘာလုပ်နေတယ် ဆိုတာ တစ်ခြားသူ တစ်ယောက် ( သို့မဟုတ် ) အဖွဲ့အစည်းတစ်ခုကနေ ကြားဖြတ်ဖမ်းယူ ကြည့်ရှုလို့ မရအောင် Data တွေကို VPN Server တွေကနေ Encrypt လုပ်ပစ်ပြီး အင်တာနက်ထဲမှာ ကိုယ့်ရဲ့ လှုပ်ရှားသွားလာမှုကို လုံခြုံစေအောင် စီမံခန့်ခွဲပေးပါတယ် - လုံခြုံမှု အဆင့်မြင့်မားတဲ့ VPN တွေမှာဆိုရင် ကိုယ် အင်တာနက်ထဲမှာ လည်ပတ်သွားလာတဲ့ browsing history တွေကိုတောင် Record လုပ်ထားတာမျိုး မရှိပါဘူး - ဒါ့ကြောင့် သဘောက ကျွန်တော်တို့မှာ IP addresses တွေရှိပြီး ISP နဲ့ ဆက်သွယ် လုပ်ကိုင်နေရတယ် ဆိုပေမယ့် VPN ရဲ့ ကာကွယ်ပေးထားမှုကြောင့် ကျွန်တော်တို့တွေက အင်တာနက်ထဲမှာ Anonymous user သဘောမျိုး ဖြစ်နေမှာပါ။

Photo from vpn-info.com

VPNs အများစုက ရုံးလုပ်ငန်းအတွက် စပြီးတည်ဆောက်ခဲ့ကြတာပါ - သူ့ရဲ့ ရည်ရွယ်ချက်က ရုံးမှာရှိတဲ့ users တွေကို ကိုယ့်ရုံးရဲ့ workplace network ထဲကို ဝင်ခိုင်းပြီး လုပ်ငန်းဆောင်တာတွေကို စုပေါင်းလုပ်ဆောင်နိုင်စေဖို့ ဦးတည် ခဲ့ခြင်း ဖြစ်ပါတယ် - အခု ကျွန်တော်တို့တွေ VPN ရဲ့ လုပ်ဆောင်ပုံကို အတိုချုံးအနေနဲ့ သဘောတရား သိပြီ - အင်တာနက်ထဲမှာ လှုပ်ရှားသွားလာတဲ့ အခါ Privacy နဲ့ Security လိုအပ်တယ်ဆိုတာကိုလည်း သိပြီ - ဒါပေမယ့် တစ်နေ့နဲ့ တစ်နေ့ ကျွန်တော်တို့တွေ ဒီလိုပဲ အင်တာနက်ထဲ ဟိုသွားဒီသွား သွားနေတာပဲ - ခင်ဗျားပြောတဲ့ Privacy နဲ့ Security ဆိုတာကို သိပ်လည်း သတိမထားမိသလို - အဲ့ဒီ့ Privacy နဲ့ Security ဆိုတာတွေ ကျွန်တော့်မှာ မရှိခဲ့လို့လည်း ကျွန်တော့်အတွက် ဘာမှထူးပြီး ပြဿနာ မရှိခဲ့ပါဘူးလို့ မေးစရာရှိလာပါတယ် - Privacy နဲ့ Security ဆိုတာဟာ အင်တာနက် နည်းပညာ ဖွံ့ဖြိုးမှု အရှိန်ယူကာစ ကျွန်တော်တို့ နိုင်ငံတစ်ခုအတွက်သာ ဘာမှ သိပ်အရေးမပါသလို ဖြစ်နေတာပါ - နည်းပညာဖွံ့ဖြိုးပြီး နိုင်ငံတွေမှာဆိုရင် Privacy နဲ့ Security ကို အလေးမထားမိလို့ စီးပွားရေး လုပ်ငန်းကြီးကနေ စပြီး - တစ်ကိုယ်ရည်တစ်ကာယသုံး ကွန်ပြူတာတွေ ထိ Network ပိုင်းဆိုင်ရာ ထိုးဖောက်တိုက်ခိုက်မှုတွေ - Bank account - Personal information စတဲ့ သတင်းအချက်အလက် ခိုးယူခံရမှုတွေ စက္ကန့်နဲ့ အမျှ ဖြစ်ပွားနေပါတယ် - ဒီအကြောင်းနဲ့ ပတ်သတ်ပြီး မြင်သာစေမယ့် အပိုင်းတစ်ပိုင်းကို ကျွန်တော်ရေးခဲ့ပြီးတဲ့ Torrent ဘာလဲ ? Torrent ဘယ်လဲ ? ဆိုတဲ့ ခေါင်းစဉ်အောက်က Torrent နှင့် Copyright Laws များ အကြောင်း ဆိုတဲ့ ခေါင်းစဉ်ခွဲ တစ်ခု အနေနဲ့ ဖော်ပြခဲ့ဖူးပါတယ် - လေ့လာကြည့်နိုင်ပါတယ် - ဒါ့အပြင်  Privacy နဲ့ Security အားနည်းမှုကြောင့် တစ်ခြားသူ တစ်ယောက် ( သို့မဟုတ် ) အဖွဲ့အစည်းတစ်ခုကနေ ဘယ်လို တိုက်ခိုက်လာနိုင်တယ် ဆိုတာ အောက်ဖော်ပြပါ ဗွီဒီယိုလေးကို ကြည့်ပြီးတော့လည်း အလွယ်တကူ နားလည်နိုင်ပါသေးတယ် -


ဒီလိုဆို Privacy နဲ့ Security ရဲ့ အရေးပါပုံအကြောင်း ကျွန်တော်တို့ ကောင်းကောင်း နားလည်ခဲ့ပြီ ဆိုကြပါစို့ - နောက်တစ်ဆင့် အနေနဲ့ VPN ဆိုတဲ့ Virtual Private Network ဆိုတာထဲကို ကျွန်တော်တို့ ဆက်တိုးဝင်ကြည့်ပါမယ် - ဘာတွေများ ကျွန်တော်တို့ အတွက် အားသာချက်နဲ့ ကောင်းကျိုးတွေ ရှိလာနိုင်မလဲ ??

VPN က ကျွန်တော်တို့ သုံးနေကျ Proxy သုံးသလိုမျိုးပဲ ကိုယ်နေတဲ့ နေရာကို လိုက်ပြီး Block ထားတတ်တဲ့ websites တွေကို လည်း access လုပ်လို့ ရပါတယ် -


ဒီ့ထက် ကောင်းတာ ဘာရှိလဲ ဆိုရင် US မှာပဲ ကြည့်ခွင့်ပေးပါတယ် ဆိုတဲ့ Hulu လို Website မျိုးတောင် VPN နဲ့ ဝင်လိုက်တဲ့ အချိန်မှာ Region ကွာခြားချက်ကို ကျော်လွန်ပြီး သူ့ ဆိုဒ်မှာ တင်ထားတဲ့ High quality movies နဲ့ TV shows  တွေကို ကမ္ဘာ့ဘယ်နေရာက ကြည့်ကြည့် အေးအေးလူလူ ကြည့်လို့ ရသွားပါတယ် - စတဲ့ အားသာချက်တွေကြောင့် ကမ္ဘာ့နိုင်ငံ အသီးသီးက Privacy နဲ့ Security ကို မြှင့်တင်လိုသူတွေ - အင်တာနက်တွင်းမှာ မိမိရဲ့ လှုပ်ရှား သွားလာမှုကို ခြေရာဖျောက်လို သူတွေ အားလုံးနီးပါး ခုချိန်မှာ VPN ကို ငွေကြေးတန်ဖိုး ပမာဏ တစ်ခု ပေးသွင်းပြီး ရယူနေကြပါပြီ - ဒီလိုဆို ငွေကြေး မတတ်နိုင်သူတွေ - ချွေတာစုဆောင်း သူဌေးလောင်းတွေ အတွက် VPN ဆိုတာအဝေးက မျှော်ကြည့်နေယုံပဲ ဖြစ်နေတော့မှာလား ? မဟုတ်ပါဘူး - VPN services တွေကို payment သဘောမျိုးနဲ့ မဟုတ်ပဲ Free ပေးထားတဲ့ VPN Services တွေဆိုတာလည်း ရှိပါသေးတယ် - သူတို့ အားလုံးရဲ့ ကြားက ရွေးချယ်သင့်တဲ့ Free VPN Services တွေ အကြောင်း ဒီအောက်မှာ စုစည်းဖော်ပြ လိုက်ပါတယ် -

Free VPN Services

ဒီအောက်မှာ ဖော်ပြထားတဲ့ Free VPN Services တွေဟာ အလကားမတ်တင်း ဝန်ဆောင်မှုပေးတာ မှန်ပေမယ်လို့ free ဖြစ်တဲ့ လျော်ညီစွာ ကန့်သတ်ချက်လေးတွေ - စိတ်တိုင်းမကျစရာလေးတွေလည်း အနည်းနဲ့ အများရှိပါလိမ့်မယ် - ဒါပေမယ့်လည်း free သုံးရတာဖြစ်လို့ လုံးဝ စိတ်တိုင်းမကျ ဖြစ်ခဲ့ရင်တောင် VPN တွေက ဘယ်လို အလုပ်လုပ်တယ် - ကိုယ့်အတွက် ဘာတွေ အကျိုးရှိတယ် ဆိုတာလေးလောက် အနည်းဆုံး ပညာရနိုင်တာမို့ နစ်နာစရာ မရှိပါဘူး - Free VPN Services တွေကို စမ်းသုံးကြည့်ရင်းနဲ့ သဘောကျပြီ - လုပ်နည်းကိုင်နည်းကိုလည်း သဘောပေါက်ပြီ ဆိုပြီ နောင်တစ်ချိန်နှာ သင့်တော်တဲ့ နှုန်းနဲ့ ကမ်းလှမ်းထားတဲ့ Paid Services တွေဆီကိုလည်း ကြိုက်သလို ကူးပြောင်းနိုင်ပါတယ် -

ProXPN


သူကတော့ Windows နဲ့ Mac computers တွေ အတွက် အသုံးပြုနိုင်တဲ့ Free VPN Services ပါ - ProXPN ကို သုံးမယ် ဆိုရင် သူ့ဆိုဒ်ကနေ ပေးထားတဲ့ Free application သေးသေးလေး တစ်ခုကို Download ချပြီး စက်မှာ အရင်တင်ထားရပါမယ် - သူကနေမှ VPN ကို Connect လုပ်ရမှာပါ - ဒီ Service ကို iPhone နဲ့ တစ်ခြား VPN ကို Support လုပ်တဲ့ Mobile phone တွေမှာလည်း သုံးလို့ ရပါတယ် - 

GPass


GPass service ကတော့ နေရာတိုင်း Block တတ်တဲ့ တရုတ်မှာ အရမ်းလူသုံးများတဲ့ Free VPN Service တစ်ခုပါ - GPass ကို သုံးမယ်ဆိုရင် အရင်ဆုံး Software တစ်ခုကို Download ချရပါမယ် - ဒါပေမယ့် သူ Recommend ပေးထားတာက Software ကို Download လုပ်ပြီးရင် ချက်ချင်း စက်မှာ မတင်သေးပဲ Security ပိုင်းဆိုင်ရာ ခိုင်မာရေးအတွက် စစ်ဆေးခိုင်းထားတဲ့ အဆင့်တစ်ခု အပိုပါပါတယ် - GPass ကို သုံးမယ့်သူ တစ်ယောက် ဆိုရင် သူ့ညွှန်ကြားချက် အတိုင်း မဖြစ်မနေ စစ်ဆေး သင့်ပါတယ် - GPass က Windows only ဖြစ်ပါတယ် - Registration လုပ်ဆောင်ဖို့ မလိုပါဘူး -

CyberGhost


CyberGhost ဆိုတာ Windows သီးသန့် VPN client တစ်ခုပါပဲ - တစ်လကို Encypted traffic - 1GB ပေးပါတယ် - သူ့ Service ကို သုံးမယ်ဆိုရင် Free account အတွက် Register လုပ်ဖို့လိုပါတယ် - နောက်ပြီး သူ့ကို သုံးမယ်ဆိုရင် Web surfing ပဲ လုပ်လို့ ရပါမယ် - File sharing လုပ်လို့မရပါဘူး -

AnchorFree Hotspot Shield


သူကလည်း Free VPN ပါ - AnchorFree Hotspot Shield ကို Windows, Mac နဲ့ iPhone ( iPhone login information ) တွေမှာ အသုံးပြုလို့ ရပါတယ် - နောက်တစ်ခုက “Unlimited bandwidth” ဖြစ်ပါတယ် - Hotspot Shield ကို သုံးမယ်ဆိုရင် တစ်ခု စိတ်ပျက်စရာ ကောင်းတာက သူ့ Service ကနေပြီး Web pages တွေကြည့်တဲ့ အချိန်မှာ ကြော်ငြာတွေထည့်ပါတယ် - ဒါကို သဘောမကျရင်တော့ Firefox users တွေအနေနဲ့ NoScript extension ကို သုံးပြီး ကြော်ငြာတွေကို Hide ထားလို့ ရပါတယ် -

Its Hidden


Its Hidden ကို သုံးမယ်ဆိုရင် Free service အနေနဲ့လည်း သုံးလို့ ရသလို သဘောကျလို့ Paid solutions ကို ပြောင်းသုံးလို့ လည်းရပါတယ် - Registration လုပ်ဖို့ လိုပါတယ် - Signed up လုပ်ပြီး သွားရင် OS ကနေ သုံးဖို့ အတွက် Set-up guide ကိုကြည့်ပြီး လုပ်ဆောင်ပါ - ဒီ Service က VPN ကို Support ပေးတဲ့ Operating system တိုင်းမှာ သုံးလို့ ရပါတယ် -

SecurityKiss


SecurityKiss ကတော့ တစ်နေ့ကို 300MB - Data transfer ပေးပါတယ် - သူ့ကို သုံးမယ်ဆိုရင် Service နဲ့ access လုပ်နိုင်ဖို့ SecurityKiss software လိုပါတယ် - Windows အတွက် ဖြစ်ပါတယ် -

Best Free VPN Service


ဒီ Service ကတော့ တစ်ခြား Services တွေနဲ့ မတူပါဘူး - Best Free VPN က Free ပေးတာမှန်ပေမယ့် သူ့ရဲ့ VPN ကို သုံးဖို့ ပေးထားတဲ့ Password ကို ၁၂ နာရီကြားတစ်ခါ ချိန်းပါလိမ့်မယ် - ဒါ့ကြောင့် ဒီ Service ကို သုံးမယ့် သူတွေက သူ့ Website ကို Bookmark မှတ်ထားဖို့လိုပြီး ပုံမှန် Password ကိုပြောင်းပေးနေဖို့လိုပါလိမ့်မယ် - Best Free VPN က သိပ်ပြီးတော့ Speed မကောင်းပါဘူး Download အတွက် 512Kbit/s နဲ့ Upload အတွက် 256Kbit/s ပဲ Bandwidth ပေးပါတယ် - နောက်တစ်ချက်က P2P services လည်း မပေးပါဘူး - ဒါပေမယ့်လည်း Web surfing အတွက်ပဲ ဆိုရင်တော့ သုံးမယ်ဆို သုံးပျော်ပါတယ် -

အနှစ်ချုပ်

ကျွန်တော် အထက်မှာ ဖော်ပြခဲ့ပြီးသလို Free ရတဲ့ Services တွေဆိုတာ ကောင်းတာတွေလည်း ရှိသလို စိတ်ပျက်ဖို့ ကောင်း တာမျိုးတွေလည်း ရှိပါတယ် - အထက်မှာ ဖော်ပြခဲ့တဲ့ Services တွေထဲက တစ်ခု စမ်းသုံးကြည့်လို့ အဆင်မပြေ ဖြစ်ခဲ့ ရင် နောက်တစ်ခုကို ပြောင်းလဲ စမ်းသပ်ကြည့်ကြပါ - နောက်တစ်ခု သီးခြား အကြံပြုလိုတာ သာမန် အပျင်းပြေ အိမ်သုံးလောက် မဟုတ်ပဲ - Security ပိုင်းဆိုင်ရာ အရမ်း အရေးကြီးလာခဲ့ ပြီ ဆိုရင်တော့ ကျွန်တော် အကြံပြုခဲ့တဲ့ Free VPN Services တွေ အစား Paid VPN services တွေကို ပြောင်းလဲ အသုံးပြုကြဖို့ အကြံပြုလိုပါတယ် - အခု ဖော်ပြခဲ့တဲ့ အကြောင်းအရာ မှာ ကျွန်တော် အဓိက ဖော်ပြချင်တာ VPN ရဲ့ အရေးပါပုံ - အင်တာနက်တွင်းမှာ လှည့်ပတ်သွားလာမယ် ဆိုရင် Privacy နဲ့ Security ကဏ္ဍ အရေးပါပုံ နဲ့ ဘယ်လို လုံခြုံအောင် ကာကွယ်နိုင်မယ် ဆိုတာ ချပြချင်ယုံ သက်သက် ရေးသား ထားခြင်းသာ ဖြစ်ပါတယ် - ဒါ့ကြောင့် VPN အကြောင်းကို အသေးစိတ် လေ့လာလိုသူများ အနေနဲ့ သက်ဆိုင်ရာ ဆက်စပ်ဖော်ပြ ခဲ့တဲ့ Links များမှ တစ်ဆင့် သွားရောက် လေ့လာကြဖို့ တိုက်တွန်းလိုပါတယ် - ဒီအကြောင်းအရာနဲ့ ပတ်သတ်ပြီး တစ်ခြား မိမိသိရှိထားတဲ့ Free VPN Services ကောင်းများ ရှိသေးမယ် ဆိုရင်လည်း ဒီနေရာမှာ ပူးတွဲ မျှဝေပေးကြဖို့ မေတ္တာရပ်ခံ ပါရစေ -

writen by KznT.

2 comments:

Post a Comment

 
Copyright © 2011. IT dreams for Myanmar Youth - သန့်ဇင်ဌေး
Template Modify by TzH
Proudly powered by Blogger